သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အသိပညာပေး သင်တန်းဖွင့်ပွဲကျင်းပ

မအူပင် ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အသိပညာပေး သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ (၂၁)ရက် မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ ခရိုင်လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်က သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အသိပညာပေး ဆွေးနွေးပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းရုံး ဘိုးဘွားတာဝန်ခံမှ ဘိုးဘွားများထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။ ၎င်းနောက် အခမ်းအနား တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်