ပွင့်ဖြူမြို့နယ်၌ ဆူးပုပ်စိုက်ပျိုးတောင်သူများ မိသားစုနေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ အညာကျေးလက်နေ တောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး ကိုင်းမြေနှင့် မြေနုကျွန်းမြေများတွင် ဆူးပုပ်ကြီးနှင့် ဆူးပုပ်ကလေး စိုက်ပျိုးရေး လုပ်ငန်းကိုအားထား စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက် ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ဆူးပုပ်ကြီးနှင့် ဆူးပုပ်ကလေး စိုက်ပျိုးရေးလုပ်ငန်းသည် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး မိသားစုအပိုဝင်ငွေ ရရှိသည့်သီးနှံဖြစ်ကာ စိုက်ပျိုးရာ၌ အစေ့ချစိုက်နည်းစနစ်နှင့် အပင်ပျိုးထောင် စိုက်နည်းစနစ်ဟူ၍ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင် ဆူးပုပ်ညွန့်များကို ဆွတ်ခူးရောင်းချရကြောင်းနှင့် အခြားသီးနှံများနှင့် သီးထပ်သီးညှပ် ရောနှောစိုက်ပျိုးနိုင်ကြောင်း သိရသည်။

ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဒေသက စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ဟင်းသီးဟင်းရွက် သီးနှံစိုက်ပျိုးရေး လုပ်ငန်းကို(နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး တောင်သူတွေအများစု စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဟင်းသီးဟင်းရွက် စားပင်သီးနှံများထဲမှာ ဆူးပုပ်ကြီးနဲ့ ဆူးပုပ်ကလေး စိုက်ပျိုးရေး လုပ်ငန်းဟာဆိုရင် မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ စိုက်ပျိုးရာတွင်လည်း သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းမဟုတ်ဘဲ အခြားသီးနှံများနဲ့လည်း ရောနှော စိုက်ပျိုးလို့ရပါတယ်။ တစ်ချို့တောင်သူတွေကတော့ ကိုင်းမြေနဲ့ မြေနုကျွန်း ပတ်ပတ်လည်တွေမှာ စည်းရိုးသဖွယ် အတန်းလိုက် စိုက်ပျိုးတာရှိသလို အချို့ကလည်း ဥယျာဉ်ခြံမြေတွေမှာ စနစ်တကျနဲ့ အခြားသီးနှံတွေနဲ့ ရောနှောပြီး အတန်းလိုက် စိုက်ပျိုးတာတွေလည်း ရှိပါတယ်။ ဆူးပုပ်စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်ဆိုရင် ဆူးပုပ်ညွန့် စတင်ဆွတ်ခူး ရောင်းချလို့ရပါတယ်။ ဆူးပုပ်ညွန့်ကလည်း အခြားသော ဟင်းသီးဟင်းရွက်တွေလိုပဲ အရည်သောက်ဟင်း ဒါမှမဟုတ် ကြော်စားစား စားလို့ကောင်းတဲ့အတွက် ဝယ်ယူစားသုံးကြသူများလို့ ရောင်းအားလည်း ကောင်းပါတယ်။ ဒါ့ကြောင့် ဒေသခံ တောင်သူတွေက ဆူးပုပ်ကြီးနဲ့ ဆူးပုပ်ကလေး စိုက်ပျိုးရေး လုပ်ငန်းဟာ မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိလို့ အားထား စိုက်ပျိုးလုပ်ကိုင်ပါတယ်ဟု ပွင့်ဖြူမြို့နယ်ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ရဲဝင်းနိုင်(ညောင်ဦး)