မြန်အောင် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာန မျှင်ဝါးတောင်အုပ်စု သစ်တောဘိနယ်စခန်း၌ မြို့နယ်သစ်တောဦးစီးဌာနပိုင် မီးသတ်ယာဉ် စက်စွမ်းအားပြည့် မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းကို ယနေ့ နံနက်က မျှင်ဝါးတောင် သစ်တောဘိနယ်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် မျှင်ဝါးတောင်အုပ်စု သစ်တောဘိနယ်စခန်း၌ မြို့နယ်သစ်တောဦးစီးဌာနပိုင် မီးသတ်ယာဉ်အား သစ်တောစိုက်ခင်းများ၊ ပျိုးဥယျာဉ်များ၊ သစ်တောဘိနယ်စခန်းများ၊ ဌာနပိုင်အဆော်အဦးများ၊ မျှင်ဝါးတောင်ကျေးရွာအုပ်စုနှင့် တောင်ရိုးတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စုများအတွင်း မီးလန့်မှု၊ မီးလောင်မှု၊ တောမီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာလျှင် စနစ်တကျ မီးငြိမ်းသတ်နိုင်ရေး မီးသတ်ယာဉ်ဖြင့် စက်စွမ်းအားပြည့် လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးသတ်ယာဉ်ဖြင့် စက်စွမ်းအားပြည့် လက်တွေ့သရုပ် ပြလေ့ကျင့်ခြင်း ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေးနှင့် သစ်တောဝန်ထမ်းများအား မီးငြိမ်းသတ်ရေး ပစ္စည်းများ စနစ်တကျကိုင်တွယ်နည်းနှင့် ရေစိုလေ့ကျင့်ခန်း လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်