ဟင်္သာတမြို့နယ်တွင်းရှိ ​မော်တော်ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမူရှိစေရေး ရှောင်တခင်စစ်ဆေး

ဟင်္သာတ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ၊ အဝေးပြေးခရီးသည်တင် ကားများ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများ စနစ်တကျ လိုက်နာရေး၊ ယာဉ်များပေါ်တွင် အမိုက်များ စနစ်တကျ စွန့်ပစ်ရေး အတွက် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ ပူးပေါင်းအဖွဲ့များနှင့် စစ်ဆေးခဲ့သည်။

အဆိုပါ ယာဉ်များစစ်ဆေးခြင်းကို ဟင်္သာတမြို့ရှိ ဘူတာကားဂိတ်၊ ဟင်္သာဦးကားဂိတ်၊ စစ်ကဲလမ်းကားဂိတ်၊ ကြည်ကြည်ဝင်းကားဂိတ်များနှင့် လယ်တော်မြို့ဝင်ဂိတ်၊ လယ်တီကွင်းမြို့ ဝင်ဂိတ်နှင့် နတ်မော်မြို့ဝင်ဂိတ်များတွင် စစ်ဆေးရေးအဖွဲ့များက ယာဉ်မောင်းများ ယာဉ်နောက် လိုက်များက အန္တရာယ်ကင်းရှင်းစွာ စနစ်တကျ မောင်းနှင်ပြေးဆွဲရေး၊ ယာဉ်ပေါ်ပါ ခရီးသွားပြည်သူများ အမှိုက်များ စနစ်တကျ စွန့်ပစ်ရန် ကားပေါ်တွင် အမှိုက်ပုံးများ ထားရှိရေး၊ သတ်မှတ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာပြေးဆွဲရေးတို့ကို အသိပညာပေး စစ်ဆေးကြပ်မတ် ခဲ့ကြသည်။

ထို့သို့စစ်ဆေးရာသို့ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်မြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီဝင်များက ပူးပေါင်းကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ