ကန့်ဘလူမြို့နယ်အတွင်းရှိ ရေလှောင်တမံများမှ နွေစပါးစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေများ စတင်ပေးဝေ

ကန့်ဘလူ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ရေလှောင်တမံများနှင့် လျှပ်စစ်ရေတင် လုပ်ငန်းတို့မှ နွေစပါး လျာထားဧက ၂၉၅၁၀ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ဆည်ရေများကို ဖေဖော်ဝါရီလ တတိယပတ်က စတင်ပေးဝေခဲ့ရာ ဒေသခံ တောင်သူလယ်သမားများက နွေစပါး စိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ဆည်မြောင်းတာတမံများ၊ မြောင်းပေါင်များပြုပြင်ခြင်း၊ ရေဝေရေလဲ ဧရိယာမှ စီးဆင်းသည့်ရေများ အပြည့်အဝ သိုလှောင်အသုံးချရေး စသည်တို့ကို ကြိုတင်စီစဉ် ဆောင်ရွက်ခဲ့ပြီး  ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစ၍ ရေပေးဝေခဲ့ခြင်းဖြစ်ပြီး လယ်ယာလုပ်ငန်း ခွင်ဝင် တောင်သူလယ်သမားများ ရေကို အကျိုးရှိစွာအသုံးချရေးကိုလည်း သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကြီးကြပ်ပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း တောင်သူများအား စိုက်ပျိုးရေးနည်းစနစ်များ၊ မြေဆီလွှာထိန်းသိမ်းရေး နည်းပညာများ ဟောပြောခြင်း၊ ပိုးမွှားရောဂါ ကျရောက်ပျက်စီးမှု မရှိစေရန် အပင်ဖြစ်ထွန်းချိန်အလိုက် ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ နည်းပညာများ ဟောပြောခြင်းစသည့် စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကာ ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည် အသွေး ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရန်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် စပါးစိုက်ဧက တိုးတက်အောင်ဆောင်ရွက်ခြင်း၊ ရေသောက်စနစ်များကို အကျိုးရှိစွာ သုံးနိုင်အောင်ဆောင်ရွက်ခြင်း၊ တစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးစေခြင်း၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း၊ သွင်းအားစုများ စနစ်တကျ ထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရန် စီမံဆောင်ရွက်ခြင်း၊ ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို တိုးတက် သုံးစွဲလာနိုင်စေရန် ကူညီပံ့ပိုးပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်း မျိုးသန့် မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့်ထုတ်လုပ်မှုမြင့်မားလာကာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ယခုနှစ်နွေစပါး စိုက်ပျိုးရာသီတွင် နွေစပါးမျိုးစေ့ထုတ် (၁၀)ဧက၊ နွေစပါး အထွက်တိုး စံပြကွက် ဧက(၂၀)၊ နွေနှမ်း အထွက်တိုးစံပြကွက် ဧက(၂၀)၊ မိုးကြိုချည်မျှင်ရှည်ဝါ (၃) ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစံအောင်ထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)