ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

ကျောက်ကြီး ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်ပြီး ယမန်နေ့ နေ့လယ် ၂ နာရီက နတ်သံကွင်းဒေသ စိန်ပန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင် တန်း (၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ) နာယကမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်း(ခွဲ) ဥက္ကဋ္ဌ ဦးအောင်သင်း ကရှေးဦးပြုစုခြင်းပညာ ပြန့်ပွားစေရန်နှင့် ကြက်ခြေနီလူမှုဂရုဏာလုပ်ငန်းများအား ပြည်သူများပိုမိုသိရှိလာစေရန်၊ မတော်တဆထိခိုက်မှုများ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက စနစ်တကျ တုန့်ပြန်ကူညီတတ်စေရန်၊ အနာဂတ် ကြက်ခြေနီလူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်နှင့် အများပြည်သူ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်၊ ကျန်းမာရေးအသိပညာများ မြှင့်တင်စေရန်၊ ဘေးဒုက္ခကျရောက်သူများအား ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီရန်၊ ရှေးဦးပြုစုခြင်းပညာ လူထုအတွင်းပျံ့နှံ့စေရန်၊ ကြက်ခြေနီသင်္ကေတအရေးပါမှုအား သိရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကြက်ခြေနီတပ်ဖွဲ့ မှ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၂/၂၀၂၂) သင်တန်း တက်ရောက်ခဲ့သည့် ကြက်ခြေနီမောင် မယ်များအား သင်တန်း ဆင်းလက်မှတ်နှင့် ထူးချွန်သူများကို ကြက်ခြေနီအသင်း(ခွဲ) နာယက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌနှင့် သက်ဆိုင် ရာတာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား သင်တန်းသူ (၃၀)ဦး တက်ရောက်ကြပြီး ကြက်ခြေနီတပ်ဖွဲ့ သင်တန်းနည်းပြများမှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မှ  ၂၂ ရက်နေ့အထိ (၅)ရက်တာ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)