ကျွန်းစု ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း လမ်းသွားလမ်းလာပြည်သူများ ပေါ့ဆနေမှုများမရှိစေရေးအတွက် Mask တပ်ဆင်အသုံးပြုရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်တီက အုပ်စု (၂) စုခွဲ၍ ကျွန်းစုမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ မြို့မဈေးအရှေ့နှင့် အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါသည် မျိုးရီုးဗီဇပြောင်းလဲလာပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြား၌သာမက မြန်မာနိုင်ငံတွင်လည်း ကူးစက်မှုနှုန်းမြင့်မားနေပြီဖြစ်၍ ပြည်သူများအနေဖြင့် မပေါ့ဆကြရန်၊ ကုသခြင်းထက်ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်သဖြင့် အပြင်ထွက်ရင် Mask တပ်ဆင်အသုံးပြုဖို့လိုအပ်ကြောင်း ပညာပေးဟောပြောခဲ့သည်။
ထို့နောက် လမ်းသွားလမ်းလာပြည်သူများအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ Mask တပ်ဆင်ပေးခြင်းတို့ကို ပညာပေးအနေဖြင့်ဆောင်ရွက်ခဲ့ကြပြီး နောက်နောင်တွင် Mask တပ်ဆင်မှုမရှိဘဲ သွားလာပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)