ဖြူးမြို့ပေါ်တွင်​ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်စေရေးအတွက် Mask Campaign ပြုလုပ်ပြီး အသိပညာပေးခြင်းများဆောင်ရွက်

ဖြူး ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်စေ ရေးအတွက် ယနေ့ နံနက်(၈)နာရီအချိန်က  မြို့ပေါ်ရှိ ပဲခူးလမ်းမပေါ် မြို့မဈေးရှေ့ လူစည် ကားရာနေရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စောင့်ကြည့်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များ Mask Campaign  ပြုလုပ်ပြီး  အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးလမ်းမပေါ်တွင် သွားလာနေကြသော မော်တော်ကားများ၊ ဆိုင်ကယ်များ၊ ဈေးရောင်း/ဈေးဝယ် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်စေရေး အသိပေးဗီနိုင်းများပြသခြင်း၊ (Mask)များ ဝေငှခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှိုးဆော်ရေးယာဉ်ဖြင့် အသိပညာပေး ခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ  နှာခေါင်းစည်း (Mask) အခုရေ (၃၀၀၀)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်စေရေး အသိပေးလက်ကမ်းစောင်ရေ (၂၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)