ပွင့်ဖြူ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေးလုံခြုံ စေရေန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက် များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို တာဝန်ခံမြို့နယ်မီးသတ် ဦးစီးမှူး ဦးဟန်ဇာကျော် ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ၊ ရွာခိုင်ကျေးရွာ၊ ဇီးတောကျေးရွာနှင့် လက်ပနွယ်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သော နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ မီးလောင်ကျွမ်းမှု ဖြစ်စေတတ်သော လောင်စာဆီများနှင့် လောင်စာများ သိုလှောင်ထားခြင်းမပြုရန်၊ နေအိမ်တွင် တပ်ဆင်အသုံးပြုလျက် ရှိသော လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိ အခါအားလျော်စွာ စစ်ဆေးအသုံးပြုရန်၊ မီးသွေး/ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ မီးလောင်မှု/ မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့အကူအညီ တောင်းခံကြရန်စသည့် မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့် အချက်များကို ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် ကျေးရွာ တွင်း လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)