ဝက်လက် ဖေဖေါ်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဝက်လက်မြို့နယ် ထုံးဘို (အနောက်) ကျေးရွာ၌ ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ၇၃.၃၈ ကျပ်သန်းဖြင့် ဖောက်လုပ်ပြီးစီးမှု အခြေနေကိုဖေဖေါ်ဝါရီလ ယနေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးမြင့်နှင့် ဌာနအတွင်း အရည်အသွေး စစ်ဆေးရေး အဖွဲ့ဝင်များ ဝက်လက်မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်လှိုင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးလှိုင်နှင့် တာဝန် ရှိသူများသည် ကျေးရွာ လမ်းကော်မတီဝင်များနှင့် အတူ ထုံးဘို ( အနောက်) ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာ လမ်းကော်မတီဝင်များကို ကုန်ထုတ်လမ်း ရေရှည် အသုံးပြုနိုင်ရေးအတွက် စနစ်တကျ ဝိုင်ဝန်း ထိန်းသိမ်းကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ထုံးဘို ( အနောက်) ကျေးရွာ ကျေးလက် ကုန်ထုတ်လမ်း မြေသားနှင့် ဂျင်းကျောက် တင်ခြင်း ၂ မိုင် ၊ အကျယ် ၁၂ ပေ ၊မြေသားထု ၂ ပေ၊ ဂျင်း ၉ လက်မ ခင်းခြင်းလုပ်ငန်း၏ မြေသား တင်ခြင်းလုပ်ငန်း လမ်းအရှည် ၁ မိုင် ၃ ဖာလုံ အကျယ် ၁၂ ပေ၊ မြေထု ၂ ပေ ခင်းခြင်းလုပ်ငန်း ပြီးစီးမှုဆွေး နွေးမှာကြားလျက် လိုအပ်သည်များ ကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခု ဖောက်လုပ် ပြီးစီးသော ထုံးဘို ( အနောက်) ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက် ပြီးစီးသည့် အတွက် ကျေးရွာအတွင်းရှိ အိမ်ခြေ ၂၄၀ တွင် နေထိုင်ကြသော ဒေသခံပြည်သူ ၁၀၅၈ ဦး နှင့် စိုက်ဧက ၁၀၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိလာသော ထွက်ကုန်များကို စျေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ဝက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးလှိုင်ထံမှ သိရှိရပါသည်။ စိုးစိုးလှိုင် ( ဝက်လက်)