ကျိုက်ဒုံ ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၁ နာရီက ကျိုက်ဒုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ထက်မှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မီးလောင်မှုဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများ၊ မီးများကို မပေါ့ဆကြရန်၊ မီးသတိပြုရန်၊ မီးသတ်ဆေးဘူး အသုံပြုရမည့် နည်းလမ်းများအား အကျယ် တစ်ဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (အ.ထ.က)ကျိုက်ဒုံကျောင်းဘော်လုံးကွင်း၌ မီးသတ်ဦးစီးမှူးနှင့် မီးသတ်အဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများ အား လက်တွေ့မီးငြိမ်းသတ်နည်းများ ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန်းထွန်းနိုင်
ကျိုက်ဒုံ (ပြန်/ဆက်)