ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်း ပြုလုပ်

ဖားဆောင်း  ဖေဖော်ဝါရီ  ၂၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နေ့လည် (၁၂) နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က စာပေ ချစ်မြတ်နိုးသူများ အချင်းချင်း စာဖတ်သူအကြိုက် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးစည်းကမ်း ချက်များ နှင့်အညီ လစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် အောင်မြင်ဖို့အချိန်စာအုပ်မှ အောင်မြင်မှုဆီသို့ ခေါင်းစဉ် ကို ဦးဆောင်ဆွေးနွေးခဲ့ပြီး (book club) အဖွဲ့ဝင် ဦးဉာဏ်လင်းကျော်က မူဝါဒနှင့်တန်ဖိုး ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ (book club) အဖွဲ့ဝင် ဦးနေထက်လင်းက ဆုပေးသူနှင့် ဆုရွေးသူ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဦးစိုးလင်းအောင်က လူကိုဖျက်ဆီးတတ်၏ ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြန်လည်ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်၊ စာစောင်များ ပြသထားရှိမှုကိုလည်း စာပေချစ်မြတ်နိုးသူများမှ ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)