မြို့သစ် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ဆီးသီးစျေးကွက်သို့ ဆီးသီးများပုံမှန် ဝင်ရောက် လျက်ရှိကြောင်း မြို့သစ်မြို့နယ်မှ ဆီးသီးဝယ်ယူသူ တစ်ဦးထံမှ သိရသည်။
အညာဒေသတွင် ဆီးသီးပင်များကို စိုက်ပျိုးခြင်းမရှိပဲ အလေ့ကျဆီးသီးပင်များကို ယာပိုင်ရှင်လယ် ပိုင်ရှင်များက ပြုပြင်ကာ အပွင့်ပွင့် အသီးသီးရင့်မှည့်ချိန် ဆီးပင်အောက် ပေါင်းမြက်ရှင်းကာ ဆီးသီးကောက်ယူ ရောင်းချကြကြောင်း၊ မြို့သစ်မြို့နယ်အတွင်း ကျေးလက်တောင်သူများ တောင်သူလုပ်ငန်းနားချိန်တွင် အလေ့ကျဆီးသီးပင်များက မိသားစုတဖက်တလမ်းက ဝင်ငွေဖြည့်ဆည်းပေးနေသည့် အလေ့ကျပဒေသာပင်များ ဖြစ်ကြောင်း၊ ဆီးသီးသီးပြီးလျှင် ဆီးပင်ဆူးကိုင်းများကို ခုတ်ကာခြံစည်းရိုးအဖြစ် ပြုလုပ်၍ ကာရံကြကြောင်း သိရသည်။
ဆီးပင်များ တစ်သီးသီးပြီး တိုင်းခုတ်မှသာ ဆီးပင်များ အညှောင့်၊ အကိုင်း အထွက်သန်ကာ နောက်တကြိမ် ပြန်လည် အပွင့်ပွင့် အသီးသီးချိန် ဆီးသီးအလုံးထွားကြောင်း ဒေသခံများက ပြောသည်။
မြို့သစ်မြို့နယ်တွင် ဆီးသီးပင်အမြောက်အများရှိကြပြီး ဆီးသီးမှည့်ကောက်ယူ ရောင်းချချိန် စတင်ပေါ်ချိန်က တစ်တင်းနှစ်ထောင်ကျပ်ဖြင့် စတင်ရောင်းချခဲ့ရရာမှ ဆီးသီးများ လှိုင်လှိုင်ပေါ်ချိန် တစ်တင်း လေးထောင်ကျပ် ဖြစ်လာခဲ့ခြင်းကြောင့် ဆီးသီးရောင်းချသူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)