ရေဖြူ ဖေဖော်ဝါရီ ၂၂
ရေဖြူမြို့နယ်၌ ရော်ဘာခြံလုပ်ငန်းဒုတိယရာသီဖွင့်ချိန်ဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ရော်ဘာအပြားဈေးမှာ တစ်ပေါင်လျှင် ၁၂၅၀ ကျပ် အထိ ဈေးရနေ ကြောင်း ရော်ဘာခြံလုပ်ငန်း ရှင်တစ်ဦးကပြောသည်။
ရော်ဘာဈေးနှုန်းမှာ ပထမရာသီအဖွင့် အောက်တိုဘာလက တစ်ပေါင်လျင် ၉၀၀ ကျပ်သာ ရရှိပြီး ရွက်ဟောင်း ကြွေ၍နားချိန် ဇန်နဝါရီလလယ်လောက်တွင် တစ်ပေါင်လျှင် ၁၀၆၀ ကျပ် အထိဈေးရရှိခဲ့ကြောင်း ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ရွက်ဟောင်းကြွေ၍ တစ်လတိတိ ရွက်အသစ်ပြန်ဝေချိန် ရပ်နားကြသော်လည်း အချို့မှာ ဈေးကောင်းရပြီး တွက်ခြေကိုက်သဖြင့် "ကျွန်မတို့တော့ ဒီနှစ် ပထမရာသီအကုန်ကို မနားတော့ ဘူး၊ နှစ်ရက်ခြစ် တစ်ရက်နားပြီး ပုံမှန်အစေးခြစ်နေကြောင်း" ခြံရှင်တစ်ဦးကပြောသည်။
လွန်ခဲ့သော ၅ နှစ်တာ အတွင်း အမြင့်ဆုံးဈေးကို ပြန်လည်ရရှိနေသဖြင့် ရော်ဘာလုပ်ငန်း တစ်နိုင်တပိုင် လုပ်ကိုင် နေသူများမှာ တွက်ခြေကိုက်ကြောင်းသိရသည်။
ခတ္တာ(ရေဖြူ)