မြိတ် ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သုံးမွှာပူးကလေးမွေးဖွားခဲ့သည့် မိခင်နှင့်ကလေးငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့ငွေ(၅)သိန်းကျပ်ကို မြိတ်ခရိုင်လူမှုဝန်ထမ်းရုံး၌ ဖေဖော်ဝါရီ(၂၂)ရက် နံနက်(၁၀) နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေကို လူမှုရေးအရ အထူးကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ကလေးများကို စေတနာ့ဝန်ထမ်း ထောက်ပံ့မှုအစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ သုံးမွှာပူးကလေးငယ်များသည် ယောင်္ကျားလေးများဖြစ်ကြ၍ တောင်းရှည်ကျေးရွာ နေ (ဦးဘကျော်)+ဒေါ်ဖြူဖြူလွင်တို့မှ ရင်သွေးငယ်လေးများ ဖြစ်ကြပြီး (၂၀၂၁)ခုနှစ် မေလ (၁၉) ရက်နေ့တွင် မွေးဖွားခဲ့ကြကြောင်း သိရသည်။
ထောက်ပံ့ငွေ(၅)သိန်းကျပ်ကို လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက သုံးမွှာပူးကလေး ကလေးငယ်များအတွက် ထောက်ပံပေးအပ်ခဲ့ရာ မိခင် ဒေါ်ဖြူဖြူဝင်းမှ လက်ခံရယူခဲ့သည်။ ထောက်ပံ့ပေးအပ်ခြင်း အစီအစဉ်တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် )