မုံရွာ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန၊ စီမံရေးရာဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မုံရွာခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် Video Conferencing စနစ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပညာရေးမှူးရုံးများမှ စီမံ၊ ဘဏ္ဍာ ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ရှင်သန်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် ခေတ်မီစေရေးတို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ နိုင်ငံအလိုက် အခြေခံပညာရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အရည်အသွေးများပြည့်ဝရေးနှင့် ပညာရှင်အဖြစ် ဆက်လက်လေ့လာ ဆည်းပူးတက်လှမ်းနိုင်မည့် ပညာအခြေခံတို့ကိုရရှိစေရန် အဓိကမျှော်မှန်း ဆောင်ရွက်လျက်ရှိရာ ပညာရေးစီမံခန့်ခွဲသူတို့၏ အခန်းကဏ္ဍသည် အလွန်အရေးပါလျက်ရှိပါကြောင်း၊ ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် တိုးတက်ပြောင်း လဲလျက်ရှိသည့် ခေတ်စနှစ်နှင့် လိုက်လျောညီစွာ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ လုပ်ငန်းများကို ပညာရေး ဝန်ထမ်းများ အားလုံကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းဟာ အခြေခံပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီမံ၊ဘဏ္ဍာဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသော သင်တန်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းက အခြေခံပညာဦးစီးဌာန၊ စီမံရေးရာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန၊ စီမံရေးရာဝန်ထမ်းများ၏ စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၆)ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပညာရေးမှူးရုံး (၈) ရုံးမှ စီမံ၊ဘဏ္ဍာဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ (၃၂) ဦးမှ Video Conferencing စနစ်ဖြင့် တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး ခရိုင်ရုံးဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်