ကျောင်းကုန်း ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ယမန်နေ့က (၂၉၉) ဦးစစ်ဆေးရာ ပိုးတွေ့ လူနာသစ်(၅၈)ဦး ထပ်မံတွေ့ရှိခဲ့ပြီး၊ ယခုတွေ့ရှိမှုသည် စံချိန်တင်တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ဖေဖော်ဝါရီလ(၅)ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ် ရက်ဆက်တွေ့ရှိခဲ့သည်။ ယခုပိုးတွေ့ရှိမှုမှာ ကူးစက်မှုနှုန်းမြန်ဆန်နေသော်လည်း ရောဂါပြင်းထန်ခြင်းမရှိပဲ လူသေဆုံးမှု မရှိသေးကြောင်း၊ ပေါ့ဆခြင်း မရှိပဲ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်များကို ပြည်သူများ လိုက်နာကြဖို့လိုကြောင်း နေ့စဉ်သတိပေး နှိုးဆော်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျောင်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၁၂၅)ဦး စစ်ဆေးရာ(၂၉)ဦး ပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဌာနက သိရှိရပြီး၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနက (၂၉၉)ဦး စစ်ဆေးရာ(၅၈) ဦး ပိုးတွေ့ရှိကြောင်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်ဇန်နဝါရီလမှစ၍ ကိုဗစ်-၁၉ ရောဂါစစ်ဆေးသူပေါင်း (၂၂၃၇)ဦးတွင် ပိုးတွေ့သူပေါင်း(၂၅၆)ဦး ရှိပြီး၊ လက်ရှိကျောင်းကုန်း ပြည်သူ့ဆေးရုံတွင်(၃)ဦး၊ ဝက်ချောင်းတိုက်နယ် ဆေးရုံတွင် (၃)ဦးနှင့် မြို့မကျောင်းဟောင်း Positive Centre တွင် (၁၄)ဦး စုစုပေါင်း (၂၀)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှု ပေးထားလျက်ရှိသည်။ ပိုးတွေ့ရှိပြီး နေအိမ် Home Isolation နေထိုင်သူ(၂၀၅)ဦးရှိပြီး၊ နေအိမ် Home Isolation ပြီးမြောက်သွားသူ(၃၁) ဦးရှိကာ သေဆုံးသူ လုံးဝမရှိသေးကြောင်း ကျန်းမာရေးဌာနက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)