မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေး

ပွင့်ဖြူ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူ များ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေး အတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေထုတ်ချေးပေးခြင်းကို ဩဂုတ် ၂၆ ရက် ၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူ မြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် သစ်တော်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မော်က စီမံကိန်းလုပ်ငန်းများ၏ အားသာချက်နှင့် အားနည်းချက်များနှင့် စီမံကိန်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေး နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ကြရန်နှင့် တစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေ အကွာစီ နေထိုင်ကြရန် ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် မင်းမြေကျေးရွာအုပ်စု ၊ သစ်တော် ကျေးရွာရှိ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သည့် စီမံကိန်းဝင်အသင်းသား (၁၃၃)ဦးအား မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၄၄ ဒသမ ၆၅ သန်းအား ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ အသင်းသားတစ်ဦးချင်းစီ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးပြီး စီမံကိန်းဝင်အသင်းသားများ ဆောင်ရွက်နေသည့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်း များအား အောင်မြင်ဖြစ်ထွန်းမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)