မော်လိုက် ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီက မြို့မဘုန်းတော်ကြီးကျောင်းတိုက်၊ ပရိယတ္တိစာသင် တိုက်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားအား တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် သဘာပတိဆရာတော် ဖောင်းပြင်မြို့၊ မင်းကွန်းဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မသာမိက အဖွင့်သြဝါဒကထာ မြွက်ကြားတော်မူခဲ့သည်။ယင်းနောက် မော်လိုက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက သာသနာရေး ဆိုင်ရာ လျှောက်ထားလွှာအား ဖတ်ကြားလျှောက်ထားခဲ့သည်။
ဆက်လက်၍ လှစ်လပ်သွားသည့် မြို့နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင် ဆရာတော်တစ်ပါး၏နေရာ၌ တွန်းပင်ကျေးရွာ၊ သာသနာ့သရဖူ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဏဝအား အစားထိုးရွေးချယ် အသိအမှတ်ပြုပေးနိုင်ရန် နန်းဖြူကျေးရွာ ကံအောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိကမှ အဆိုပြုလျှောက်ထားခဲ့ရာ ပရောက်ကျေးရွာ၊ ဇမ္ဗူသီရိကျောင်းတိုက်ဆရာတော်၊ ဘဒ္ဒန္တအာဒိစ္စက ထောက်ခံလွှာအား ဖတ်ကြားလျှောက်ထားခဲ့သည်။
ယင်းနောက် လှစ်လပ်သွားသည့် မြို့နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင် ဆရာတော်တစ်ပါး၏ နေရာ၌ အစားထိုးရွေးချယ်အသိအမှတ်ပြုပေးနိုင်ရန် အဆိုပြု လျှောက်ထားတင်ပြမှုအား သဘာပတိ ဆရာတော်မှ သံဃာ့ဆန္ဒသဘောတူညီချက် ရယူကာ အတည်ပြုပေးတော်မူခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ပွဲသို့ တက်ရောက်လာကြသည့် သဘာပတိ ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး