ပွင့်ဖြူ ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း များပြားလာသည့်အတွက် မိမိတို့မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု ထိရောက်စွာ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာများအတွက် စနစ်တကျ ထားရှိရေးနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ကုသပေးနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အောက်ဆီဂျင်စက်ရုံမှ လူနာများအတွက် အရေးပေါ် အောက်ဆီဂျင် လိုအပ်ပါက လွယ်လင့်တကူ ရယူသုံးစွဲနိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ လုံလောက်စွာ စီစဉ်ထားရှိရေး ကိစ္စရပ်များ၊ တစ်မြို့နယ်လုံး ကာကွယ်ဆေး ထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံနိုင်ရေးအတွက် ကျေးရွာအရောက် ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးရေးနှင့် ဒေသခံပြည်သူလူထု ပူးပေါင်းပါဝင် ထိုးနှံရေး ဆောင်ရွက်ရန်လုပ်ငန်းများကို ချပြရှင်းလင်းဆွေးနွေး ပြောကြား သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်က မြို့နယ် အတွင်း ကာကွယ်ဆေးထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကို လည်းကောင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံသွားနိုင်ရေး ဆောင်ရွက်သွားမည့် အသိပညာပေးလုပ်ငန်းများ ပိုးတွေ့အတည်ပြု လူနာများ စစ်ဆေးတွေ့ရှိပါက Quarantine ထားရှိပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ ကြသည်။
ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )