ဝက်လက် ဖေဖေါ်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နှင့် ၂၂ မိုင် ကွာဝေးသော ရွာသစ်ကျေးရွာရှိ အိမ်ထောင်စုများသည် မိရိုးဖလာ အိုးလုပ်ငန်း ဖြစ်သော မြေအိုးအမျိုးမျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့ပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြေအိုးအမျိုးမျိုး ပြုလုပ်ရာတွင် ပထမဦးစွာ ရွာ၏ အပြင်ဘက်ရှိ မြေကျင်းမှ မြေနီ မြေစေး တို့ကို လှည်းဖြင့်တိုက်၍ မိမိတို့နေအိမ်တွင် စုပုံထား ကြကြောင်း အဆိုပါ မြေများကို အိုးပြုလုပ် တော့မည်ဆိုလျှင် နှုံးမြေ တစ်ဆ မြေနီ နှစ်ဆ မြေစေး တစ်ဆ တို့ကိုရော၍ အင်တုံထဲတွင် ထည့် ကာ စိမ်ထားရကြောင်း မြေများ နူးလာပြီဆိုပါက စေးသွားအောင် ဖျာပေါ်သို့ပုံ၍ ခြေထောက်ဖြင့် အကြိမ်ကြိမ် နင်းနယ်ရကြောင်း ထို့နောက် လက်လှည့် စုံပေါ်တွင်တင်ကာ မိမိ ပြုလုပ်လိုသော အိုးပုံစံကို လက်ဖြင့် ပုံဖေါ်ပြီး အဆင့်ဆင့် ပြုလုပ်ပြီးမှ မီးဖုတ်ရကြောင်း သိရ သည်။
ရွာသစ်ကျေးရွာမှ ထွက်ရှိသော ညောင်ရေအိုး တစ်လုံးကို ငွေကျပ် ၅၀၀၊ ပန်းရိုက် သောက် ရေအိုး တစ်လုံးလျှင် ငွေကျပ် ၁၀၀၀ ၊ အချော တစ်လုံးကို ငွေကျပ် ၁၂၀၀ ၊ ဟင်းအိုး တစ်လုံးကို ငွေကျပ် ၅၀၀ ကျပ် ၊ ပဲလှော်အိုး တစ်လုံးကို ငွေကျပ် ၁၀၀၀ တို့ဖြင့် ဝက်လက်မြို့သို့ ကားဖြင့် သွားရောက် ရောင်းချရာ မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ရွာသစ်ကျေးရွာနေ မြေအိုးအမျိုးမျိုး လုပ်ကိုင်သူ မချိုနွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)