အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်ပွဲ ကျင်းပ

ကျောင်းကုန်း ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်‌အုပ်စု ကညင်သုံးဆင့် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်ပွဲကို  ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပရာ တိုင်းဒေသကြီးပညာရေးမှုး ဒုတိယညွှန်ကြားရေးမှုး ဦးတင်လှိုင်၊ ခရိုင်ပညာရေးမှုး တာဝန်ခံ ဦးမြင့်အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုးဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှုးနေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ထို့နောက် ကညင်သုံးဆင့် အခြေခံပညာအထက်တန်းကျောင်းဆိုင်းဘုတ်အား တိုင်းဒေသကြီး ပညာရေးမှုး ဒုတိယညွှန်ကြားရေးမှုး ဦးတင်လှိုင်က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက ပန်းဖွားအက၊ ကရင်ဒုံးယိမ်းအက၊ မြန်မာတိုင်းရင်းသားအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားဒုတိယပိုင်း အစီအစဉ်အရကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့်  သီဆိုဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေးမှုး ဒုတိယညွှန်ကြားရေးမှုး ဦးတင်လှိုင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံး ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးစိုးဝင်းက ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သဉ္ဇာမိုးက ကျောင်းသမိုင်း အကျဉ်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအကျိုးဆောင်အဖွဲ့ဝင် ဦးကျော်ဇောက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အထိမ်းအမှတ် အလံများကို  တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး၊ အခမ်းအနားကို ‌ဇာတိမာန်သီချင်းဖြင့်  သီဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)