ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ရက်အတွင်း လူဦးရေ(၇၆၆)ဦးအား ကွင်းဆင်း ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို  လျှော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်၍ ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ရာ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ခြင်းမရှိသော ပြည်သူများအား ဖေဖော်ဝါရီလ ၂၀ရက်နေ့မှ စတင်၍ ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပိုင်ကျုံမြို့ အ.ထ.က ပေါင်ကျောင်း၌ လူဦးရေ(၂၄၉)ဦးအားလည်းကောင်း၊ ဖေဖော်ဝါရီလ ‌၂၁ရက်‌နေ့တွင် နောင်ဘိုကြီးကျေးရွာ မူလတန်းကြိုကျောင်း၌ လူဦးရေ (၅၁၇) ဦးအားလည်းကောင်း၊ (၂)ရက်အတွင်းစုစုပေါင်း (၇၆၆)ဦးအား ကွင်းဆင်းထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး မှူး ဦးသက်နိုင်စိုးဦးဆောင်ပြီး   ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများတို့က ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်  တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ပြီး ပိုင်ကျုံမြို့ အထွေထွအုပ်ချုပ်ရေးဦးစီးဌာမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင်  အဆင်ပြေလွယ်ကူစေရန်အတွက်  ပူးပေါင်း ပါဝင်   ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး