ချောင်းဦးမြို့နယ်တွင် နွေရာသီ ရေရှားပါးပြတ်လပ်မှု့မရှိစေရေး ဆောင်ရွက်ထားရှိ

ချောင်းဦး    ဖေဖော်ဝါရီ    ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုနှစ်နွေရာသီတွင် မြို့နယ်အတွင်း ရေရှားပါး ပြတ်လပ်မှု့မရှိစေရေး ဆောင်ရွက် ထားကြောင်း သိရသည်။

ချောင်းဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၈၉ ရွာ ရှိသည့်အနက် ချင်းတွင်းမြစ်ရေ ဝင်ရောက် သည့် ကျေးရွာများမှာ သောက်သုံးရေ ဖူလုံပြီး မြစ်ရေမဝင်ရောက်၍ သောက်သုံးရေ အခက်အခဲ ဖြစ်နိုင်သည့် ကျေးရွာများအား ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ယနေ့အချိန်အထိ သန့်ရှင်းသော သောက်သုံး ရေ ရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၄လက်မ စက်ရေတွင်းများကို ဌာနမှ ကျေးရွာ၂၈ ရွာတွင် တူးဖော်ပေးခဲ့ပြီး ယူနီဆက်အကူအညီဖြင့် ၁၂ရွာအား ထပ်မံတူးဖော်ပေး နိုင်ခဲ့ကြောင်း၊ ၂လက်မ စက်ရေတွင်းများကို ဌာနနှင့် ယူနီဆက်ပူးပေါင်းပြီး ကျေးရွာ ၈ရွာတွင် တူးဖော်ပေးနိုင်ခဲ့ကြောင်း၊ ရေသိုလှောင်ထားနိုင်သည့် မြေသားရေကန်ဟောင်း ၂၇ ကန်ရှိသည့် အနက် ဌာနမှ မြေသားရေကန် ၆ကန် ပြန်လည်တူးဖော် ပေးခဲ့ကြောင်း၊ ကျေးရွာ၁၂ရွာတွင် အိမ်တိုင်ရာရောက် ရေသွယ်စနစ်ဖြင့် ရေမီတာ တပ်ဆင်အသုံးပြုလျက်ရှိပြီး နောက်ထပ် ကျေးရွာ ၁၂ ရွာအား အိမ်တိုင်ရာရောက် ရေသွယ်စနစ် ထပ်မံတပ်ဆင် ပေးလျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်နှုန်း အသုံးပြုနေပြီဖြစ်၍ ချောင်းဦးမြို့နယ်အတွင်း နွေရာသီ ရေရှားပါး ပြတ်လပ်မှု့ မရှိအောင် ဆောင်ရွက်ပေးထားကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်စိုးစံထံမှ သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)