အိမ်မဲမြို့မစျေးကြီးအတွင်း စျေးဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေး

အိမ်မဲ သြဂုတ် ၂၈

ဧရာဝတီတိုင်းကြီး အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့မစျေးကြီးအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးဝေယံစိုး၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်သူစိုး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် များနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ ပူးပေါင်း၍ မြို့မစျေးကြီး အတွင်း၌ မီးသတိပေး ကြော်ငြာဆိုင်းဘုတ် ကပ်ထားမှု ရှိ/မရှိ၊ မီးလောင်လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အများမြင်သာသည့် နေရာများတွင် ချိတ်ဆွဲထားခြင်း ရှိ/မရှိ၊ မီးငြှိမ်းသတ်နိုင်ရေးအတွက် ရေလုံလောက်စွာ သိုလှောင်ထားခြင်း ရှိ/မရှိ၊ အပေါ့စားမီးစက်များ ရေပိုက်လိပ်နှင့် ပိုက်ခေါင်း တပ်ဆင်ထားခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ လုံလောက်စွာ ထားရှိထားခြင်း ရှိ/မရှိ၊ စျေးအတွင်း အသုံးပြုလျက်ရှိသည့် လျှပ်စစ်မီးနှင့် ပတ်သက်၍ လုံခြုံရေး မီးလိုင်းနှင့် လုပ်ငန်းသုံးမီးလိုင်းခွဲ ထားခြင်း ရှိ/မရှိ၊ စျေးအတွင်း စားသောက်ဆိုင်ခန်းများအား မီးသုံးစွဲမှုနှင့် မီးသုံးစွဲချိန်တို့ကို သတ်မှတ်ထားရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့မစျေးကြီးအတွင်း ဆိုင်ခန်းပေါင်း ၄၆၅ ခန်းရှိပြီး မီးဘေးလုံခြုံရေးအတွက် တာဝန်ရှိသူများက အပတ်စဉ်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)