ပန်းတောင်း ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူး၍ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် (၁)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူရမှ အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ပြီး ကျေးရွာနေပြည်သူများကလည်း ပါဝင် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သူရ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သင်းသင်းအေး