သဲကုန်း ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးမှ သဲကုန်းမြို့နယ်အတွင်း ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ တင်းတင်းကြပ်ကြပ် ပြန်လည်ဆောင်ရွက်ရန် လိုအပ်နေမှု အခြေအနေများ၊ မြို့နယ်ဆေးရုံကြီးတွင်ရှိသည့် အောက်စီဂျင်အိုးများ မပျက်လပ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရွက် သွားရမည့် လုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ပြည်သူများအပြင်ထွက်လျှင် Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ တစ်ပတ်လျှင် တစ်ကြိမ် ကွင်းဆင်းစစ်ဆေးရန်နှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် စသည်ဖြင့် ဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော တာဝန်ရှိသူများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)