ကော့ကရိတ်မြို့၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်း မရှိသူများအား စစ်ဆေးအရေးယူ ခြင်းများဆောင်ရွက်

ကော့ကရိတ်   ဖေဖော်ဝါရီ     ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအ နေဖြင့်  ကူးစက်ပြန့်ပွားလာပြီးဖြစ်သော  ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်မြို့တွင်းရှိ လမ်းဆုံလမ်းခွများ၌ Mask Campagin ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးခြင်း နှင့် အသံချဲ့စက်တို့ဖြင့် အသိပညာပေးကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ယနေ့နံနက် ၈ နာရီအချိန်မှစ၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်းမရှိသူများအား စစ်ဆေးအရေးယူခြင်းကို ကော့ကရိတ် မြို့ဝင်ဂိတ်နှင့် လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က အဖွဲ့ (၃)ဖွဲ့ခွဲ ၍ အမှတ် (၆)ရပ်ကွက်၊ ဇိနသုခဘုရားရှေ့ မြို့ဝင်ဂိတ်၊ အမှတ် (၃)ရပ်ကွက် မြို့မစျေးနှင့် တောင်ပေါ်ကျောင်းလမ်းဆုံတို့တွင် သွားလာလျက်ရှိ သည့် လမ်းသွားလမ်းလာပြည်သူများအနက် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းမရှိသူ (၄၄၈)ဦးတို့အား တစ်ဦးလျှင် ဒဏ်ငွေကျပ်(၅၀၀)ဖြင့် စုစုပေါင်း ဒဏ်ငွေကျပ် (၂၂၄၀၀၀)ကို ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့တို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁၀)ဦးမှာ ယနေ့အထိ ကော့ကရိတ် ခရိုင်ပြည်သူ့ဆေးရုံနှင့် ကျုံဒိုးမြို့ပြည်သူ့ဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)