ဘိုကလေး ဩဂုတ် ၂၈
နေရာဒေသအနှံ့အပြားတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွား လျက်ရှိနေသည့်အတွက် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့ကူးစက်မှု မရှိစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးကော်မတီ၊ ဌာနဆိုင်ရာများနှင့် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီတွင် ဘိုကလေးမြို့နယ် အောက်ပိုင်း ဘောလုံးကွင်းဒေါင့်၌ သွားလာ လှုပ်ရှားကြသည့် ပြည်သူများအား နှာခေါင်းစည်း တပ်ဆင် သွားလာစေရေး အသိပညာပေး ကာလအဖြစ် နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှပေးခဲ့ပြီး နှှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်သွားလာနိုင်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြသည်။
ပညာပေးကာလအား ယနေ့အပါအဝင် ဩဂုတ်(၂၉)ရက်နေ့အထိ (၂)ရက်တာကာလ သတ်မှတ်ထားရှိကြောင်း၊ ပညာပေး ကာလတွင် နှာခေါင်းစည်း တပ်ဆင်သွားလာခြင်း မရှိသူများအား နှှာခေါင်းစည်း (Mask)များ အခမဲ့ပေးဝေသွားမည်ဖြစ်ပြီး ပညာပေးကာလ ကျော်လွန်သည့် ဩဂုတ်(၃၀) ရက်နေ့မှ စတင်၍ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်း မရှိသူများအား "ယခုဝယ် ယခုတပ်" စနစ်ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ် ကာကွယ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းတို့ ပူးပေါင်း၍လည်း မြို့နယ် တွင်းသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)