မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

မော်လိုက် ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု များလာသည့် အတွက် ကိုဗစ်-၁၉ရောဂါ ကုသရေးနှင့် အခြားကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းများတွင် လိုအပ်လာပါက အလွယ်တကူ အသုံးပြုနိုင်ရန် စေတနာရှင်၊ အလှူရှင်များ လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုတို့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

၏ထိုကဲ့သို့ သွားရောက်ကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက   မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံမှ တာဝန်ခံများနှင့် တွေ့ဆုံကာ အောက်ဆီဂျင်စက် လည်ပတ်နေမှု အခြေအနေများ၊ ခရိုင်ပြည်သူ့ဆေးရုံနှင့် အခြားတိုက်နယ်ဆေးရုံများမှ လာရောက် ပို့ဆောင်ထားသည့် အောက်ဆီဂျင် အိုးများအား ပြန်လည် ဖြည့်တင်းပေးနေမှု အခြေအနေများကို ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံမှ အော်ဆီဂျင်များကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်ထုတ်လုပ်ဖြန့်ဝေပေးလျက်ရှိပြီး တစ်နာရီလျှင် (၄၀)လီတာဆံ့ အိုး(၅)လုံးကို ထုတ်လုပ်ပေးနိုင်ပြီး အောက်ဆီဂျင်သန့်စင်မှု အနေဖြင့်(၉၆)ရာခိုင်နှုန်း ရှိကြောင်း၊ အောက်ဆီဂျင် ဖြည့်တင်းပေးမှုအနေဖြင့် ခရိုင်ပြည်သူ့ဆေးရုံအတွက် အောက်ဆီဂျင်များကို အခမဲ့ဖြည့်ပေးလျက်ရှိပြီး၊  အခြားတိုက်နယ်ဆေးရုံများ၊ မိမိအိမ်သုံးများအတွက် လာရောက်ဖြည့်တင်းမှုများအနေဖြင့် စက်ပြင်ဆင်ထိန်းသိမ်းစရိတ် နှင့် အထွေထွေအသုံးစရိတ်များအတွက် (၄၀)လီတာဆံ့ တစ်အိုးလျှင် (၆၀၀၀)ကျပ်နှုန်း ကောက်ခံလျက်ရှိပါကြောင်း၊ ယခုအခါတွင် မော်လိုက်မြို့အောက်ဆီဂျင်စက်ရုံ ပုံမှန်လည်ပတ်နိုင်ရန် (၂၄)နာရီ လျှပ်စစ်မီးဖြင့် ထုတ်လုပ်ဖြည့်တင်းပေးလျက်ရှိပြီး၊ အကြောင်း အမျိုးမျိုးကြောင့် လျှပ်စစ်မီးများ ပြတ်တောက်သွားသည့်အခါ စက်ရုံ လည်ပတ်နိုင်ရေးအတွက် မီးစက်(၁)လုံး လိုအပ်လျက်ရှိကြောင်း မော်လိုက်မြို့ အောက်ဆီဂျင်စက် ဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးထံမှ သိရသည်။

မော်လိုက်သားလေး