ပခုက္ကူ ဖေဖော်ဝါရီ ၂၁
ကိုဗစ်-၁၉ ကာလအတွင်း အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းသည့် မသန်စွမ်းသူများနေ့စဉ် အစားအသောက်နှင့် အာဟာရပြည့်၀ နိုင်စေရေးတို့အတွက် အခြေခံစားသောက်ကုန်နှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ခုနစ် အိမ်တန်းရှိ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
အဆိုပါ လုပ်ငန်းကို ပခုက္ကူမြို့၊ ပီတိစေနာလူမှုဖွံ့ဖြိုးရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူမှုရေးအသင်းအဖွဲ့များစုပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး အနာကြီးရောဂါ ကြောင့် ကိုယ်အင်္ဂါချို့ယွင်းနေသည့် မသန်စွမ်း (၁၂) ဦးအတွက် တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ (၂၅) ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ကျန်းမာရေးသုံး ဆပ်ပြာခဲတစ်ခဲ ၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ဗူးစီဖြင့် ထောက်ပံ့လှူဒါန်းကြကြောင်း၊ အနာကြီးရောဂါနှင့် ပတ်သက်လို့ အဆင့်(ဝ) ကိုယ်အင်္ဂါမချို့ယွင်းသေးသည့် အနာကြီးရောဂါသည် အဆင့်(၁) ကိုယ်အင်္ဂါချို့ယွင်းစ အနာကြီးရောဂါသည်နှင့် အဆင့်(၂) ကိုယ်အင်္ဂါချို့ယွင်းနေတဲ့ အနာကြီးရောဂါသည်ဆိုပြီး ခွဲခြား သတ်မှတ်ထားကြကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ ကာလအတွင်း ပရဟိတအသင်းများပူးပေါင်းပြီး အနာကြီးရောဂါသည်များအတွက် အကျိုးပြုမည့် အစားအသောက်နှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများကို စုပေါင်းလှူဒါန်းကုသိုလ်ယူကြခြင်းဖြစ်ကြောင်း၊ ယခုလို ထောက်ပံ့လှူဒါန်း ခြင်းကြောင့် အများကြီးအထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း ပီတိစေနာလူမှုဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာစိန်က ပြောသည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့ပေါ်ရှိ မြို့မဈေးကြီး၊ ယာယီပျံကျဈေးများရှိ ဈေးသူ၊ ဈေးသားများအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များ နှင့်အညီ ဈေးရောင်းဝယ်ပြုလုပ်နိုင်ရေးအတွက် လူမှုရေးအသင်းအဖွဲ့များစုပေါင်းကာ ကျန်းမာရေး သုံး ဆပ်ပြာခဲ (၂၀၀) ခဲနှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) အခု (၂၀၀) တို့ကို အခမဲ့လိုက်လံဖြန့်ဝေကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)