ကန့်ဘလူမြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ် စံပြကွက်များနှင့် အထွက်တိုးစံပြကွက်များ စိုက်ပျိုးသွားမည်

ကန့်ဘလူ  ဖေဖော်ဝါရီ  ၂၁

မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များအသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုများမြင့်မားလာကာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ်၊ အထွက်တိုးစံပြကွက်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် နွေစပါးမျိုးစေ့ထုတ် ( ၁၀)ဧက၊ နွေစပါးအထွက်တိုးစံပြကွက် ( ၂၀) ဧက၊ နွေနှမ်းအထွက်တိုးစံပြကွက် (၂၀) ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါ (၃) ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် သွင်းအားစု ဓာတ်မြေဩဇာများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးစေ့ထုတ် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများနှင့် နွေစပါး၊ နွေနှမ်း၊ ချည်မျှင်ရှည်ဝါ တစ်ဧကအထွက်နှုန်း တိုးတက်ရေးနည်းပညာများကို ယခုလ ဒုတိယပတ်က သင်ကြားပို့ချ ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် နွေစပါး မျိုးစေ့ထုတ် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအား မျိုးစေ့ထုတ်နည်းပညာများရရှိစေခြင်း၊ လက်တွေ့လုပ်ကိုင်စေခြင်းဖြင့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များအား ဒေသတွင်းကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်စေရန်၊ နွေစပါး၊ နွေနှမ်း၊ ချည်မျှင် ရှည်ဝါ တစ်ဧကအထွက်နှုန်း တိုးတက်ရေးနည်းပညာများရရှိပြီး လိုက်နာဆောင်ရွက်ခြင်းဖြင့် မျှော်မှန်းအထွက်နှုန်းများရရှိ၍ တောင်သူလယ်သမားများ ဝင်ငွေ တိုးတက်လာစေမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးစံအောင်က ပြောသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)