မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Book Club အဖွဲ့နှင့် ရေးသူဖတ်သူ စာဖတ်ဝိုင်းကျင်းပ

မြောင်းမြ ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ဗဟုသုတ အတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ရှိန် မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ Book Club အဖွဲ့နှင့် ရေးသူ ဖတ်သူ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်း (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက စာရေးဆရာ လရောင်လင်း ရေးသားသည့် “အနေတင့်မှာလား လေလွင့်မှာလား” စာအုပ်ဖြင့်‌ ရေးသူဖတ်သူစာဖတ်ဝိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာရေးသူနှင့် စာဖတ်သူ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် တစ်ဦး၏အတွေးအမြင် တစ်ဦးသိခွင့်ရပြီး ဗဟုသုတများ တိုးပွားလာစေကြောင်းနှင့် ရေးသူဖတ်သူ စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက် ရှင်းလင်းခဲ့ပြီး စာအုပ်ပါအကြောင်းအရာများနှင့် ပတ်သက်၍ Book Club အဖွဲ့နာယကများ ဖြစ်ကြသော မြောင်းမြမြို့နယ် စာရေးဆရာအသင်းနာယက ဦးခင်စိုး(မောင်ပညာ)၊ မြောင်းမြမြို့နယ် အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးကျင်စိုး (မောင်လှိုင်းသစ်-ချစ်စရာမြေ)တို့က စာအုပ်ပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး အမှာစကားများကို ပြောကြားပြီးနောက် Book Club အဖွဲ့ဥက္ကဋ္ဌ ဦးညီဌေး (နေခြည်မောင်-မြောင်းမြ)က ဦးဆောင်၍ တက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပါသည်။ ထို့နောက် စာရေးဆရာ လရောင်လင်းနှင့် စာဖတ်သူများက မိမိတို့တွေးခေါ်ယူဆမှုများအား အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းကို နေ့လယ် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခင်ရူပါအေး