စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်

တမူး သြဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီ အချိန်က မြို့ပေါ် ရပ်ကွက်များတွင် လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် တမူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဖြိုးကျော်နှင့် ဝန်ထမ်းများ၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ရပ်ကွက် များ အတွင်းလှည့်လည်၍ ပြည်သူများအနေဖြင့် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် မိမိတို့အိမ်အတွင်း၌ သာနေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့ လုံးဝမထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိတို့၏ လက်များအား စနစ်တကျ မကြာခဏဆေးကြောကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာများကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်၊ ရခိုင်ပြည်နယ်နှင့် အခြားပြည်ပနိုင်ငံ များမှပြန်ရောက်လာသော  ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ကျန်းမာရေးဌာနများသို့ ဆက်သွယ် အကြောင်းကြားကြရန်နှင့် မိမိတို့၏ခရီးသွား ရာဇဝင်ကို မခြွင်းမချန် ပြောပြကြရန်၊ အသွားအလာ ကန့်သတ်ခြင်းကို ခံရမည်ဆိုပါက ကြည်ဖြူစွာလိုက်နာကြရန်တို့ကို မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)