စစ်ကိုင်း ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းမြို့တွင် ခရိုင်အဆင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက နန်းဦးမြို့သစ်ရပ် အရာထမ်းဝန်ထမ်း အိမ်ရာ(၂)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရုံးသစ်ဖွင့်ပွဲကို စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က အဖွင့် အမှာစကား ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဦးစီးဌာနရုံးသစ်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားရာ ဦးစီးဌာနအနေဖြင့် အဓိက မြေထု၊ ရေထု၊ လေထု ညစ်ညမ်းမှုများလျော့နည်း ပပျောက်အောင် ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းမြို့မှာ စက်မှုဇုန် လုပ်ငန်းရှိသည့်အတွက် စက်ရုံ/အလုပ်ရုံများမှ စွန့်ပစ်ပစ္စည်းများ၏ အညစ်အကြေးများကို ပြည်သူများ ကျန်းမာရေး ထိခိုက်မှု မရှိစေရန် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာဌာန များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့ ပြောကြားလိုကြောင်း စသည်ဖြင့်ဆွေးနွေး ပေးခဲ့သည်။
စစ်ကိုင်းခရိုင်ပတ်ဝန်ကျင် ထိန်းသိမ်းရေး ဦးစီးဌာန ရုံးသစ်အနေဖြင့် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရပ်၊ အရာထမ်း ဝန်ထမ်းအိမ်ရာ(၂)၊ အခန်း(၀၀၁)တွင် ယနေ့မှစ၍ ဖွင့်လှစ်ထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်