မြဝတီ ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အပြင်မဲကနယ်ကျေးရွာ၊ ကျေးရွာဘုန်းကြီးကျောင်းဝန်းတွင်းတွင် မြဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ဦးစီးဖွင့်လှစ်ပေးသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားရာ ယနေ့ ကွန်ပျူတာ ဆိုတာ လူမှုရေး၊စီးပွားရေး နယ်ပယ်စုံမှာ မရှိမဖြစ် အသုံးပြုလာတဲ့ နည်းပညာ ဖြစ်ပါတယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေရေးမှာလည်း ဒီကွန်ပျူတာမှာ အခြေခံလာပါတယ်၊ ကွန်ပျူတာကို ရင်းနှီးသွားပြီ ကျွမ်းဝင်သွားပြီဆို မိမိရင်းနှီးတဲ့ ကျွမ်းဝင်လာတဲ့ နယ်ပယ်ဘက်ကို ကူးပြောင်းသွားနိုင်မှာပဲ ဖြစ်ပါတယ်ဟု ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်မှု အခြေ အနေများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို စိတ်ပါဝင်စားသူ လူငယ် ၂၀ ဦးတက်ရောက်ခဲ့ပြီး (၁.၂.၂၀၂၂)ရက်နေ့မှ (၂၀.၂.၂၀၂၂) ရက်နေ့ အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်