မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၂၁

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအတွင်း ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံတက်ကြွစွာ ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများ၊ Volunteer အသင်းအဖွဲ့များနှင့် ပါဝင် လှူဒါန်းခဲ့ သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌဦးစိုးတင့်က ကိုဗစ်-၁၉ ရောဂါတတိယ လှိုင်းအတွင်း ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံတက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသောသူများအား အထူးပင် ကျေးဇူး တင်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာခင်ဝင်းက ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်နှင့်ပတ်သက်၍ ရောဂါ လက္ခဏာများ၊ ကုသရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိမှုအခြေအနေများနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်အကြောင်းကို  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဆောင်ရွက်ခြင်းများ ပိုမိုဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအတွင်း ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၃)ဦး ရဲဇင်လတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီး အောင်မြင့်ဌေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)