မြဝတီ ဖေဖော်ဝါရီ ၂၁
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် လူစည် ကားရာ နေရာများတွင် Mask များအခမဲ့ပေးဝေခြင်း နှင့် အသိပညာပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်းနှင့် အဖွဲ့ဝင်များ၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်ဌေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးဌာနမှူး ဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အဖွဲ့ဝင် ဦးအောင်မင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီ ဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင် များက ပြည်သူများအား Mask များအခမဲ့ပေးဝေပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းဖြစ်သည်။
မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းကာလများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားသူ ၃၄၅၈ ဦးရှိခဲ့ပြီး သေဆုံး သူ ၁၂၆ ဦးရှိခဲ့ပြီး ယခုအအခါတွင်လည်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်ဖြစ်ပွားမှုများ ရှိလာသည့်အတွက် ယခုကဲ့သို့ Mask များ အခမဲ့ ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများ ထပ်မံဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်