ပုသိမ် ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပေါက်ကုန်းကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာ၌ ၁၂ လရာသီပွင့်သော စံပယ်ပန်းစိုက်ပျိုးသူ မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။ ၁၂ ရာသီပွင့်သော စံပယ်ပန်းများကို ရန်ကုန်မြို့မှ ဝယ်ယူကာ စိုက်ပျိုးတာဖြစ်ကြောင်း၊ ပျိုးပင်တစ်ပင်ကို ၁၀၀၀ ကျပ် ပေးရပြီး ပျိုးပင်ပေါင်း ၅၀၀ဝ ယူ၍ စိုက်ပျိုးထားကြောင်း စံပယ်ပန်းမျိုးများထဲမှ ယခုဝယ်ယူတဲ့ စံပယ်ပန်းက ၁၂ လရာသီပွင့်တော့ စိုက်ပျိုးတဲ့သူတွေ အကျိုးရှိတာပေါ့ဟု ပန်းစိုက်ပျိုးသူ ဦးမြင့်လွင်က ပြောသည်။
စံပယ်ပန်းများ မစိုက်ပျိုးမီ မြောင်းဘောင်တွေကို ပြုပြင်ကာ နွားချေး သစ်ရွက်ဆွေးတွေ မြေခံမြေသြဇာထည့်ပြီး စတင်စိုက်ပျိုးကာ ၁၀ ရက်ခန့်အကြာ အပင်များရှင်သန်လာပြီး ၃ လခန့်အကြာ အပွင့်ကလေးများပွင့်လာချိန် ရောင်းအားသိပ်မကောင်းသေးပါဘူး၊ အပင်များ ၁ နှစ်သားရွယ်မှာ အပွင့်လှိုင်လှိုင်ပွင့်ပြီး ခြံမှာလာဝယ်သူရှိသလို ဖောက်သည်ယူတဲ့သူတွေရှိပြီး ပန်း ၁ ပွင့်ကို ၁၀ ကျပ် ရောင်းချရတာကြောင့် တစ်ရက်လျှင် စံပယ်ပန်းရောင်းရငွေ ကျပ် ၈၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိ ဝင်ငွေရရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)