ရွှေဘို ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် ကျေးရွာ(၆)ရွာရှိ အိမ်ထောင်စုပေါင်း (၄၈၀)ကျော်ကို ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း(VRFP)ချေး ငွေထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
ထိုကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)သည် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူ ပြုစေရန်နှင့် လုပ်ကွက်ငယ်တောင်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းများနှင့် အသက် မွေးဝမ်း ကျောင်းလုပ်ငန်းများတွင် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အိမ်ခြေ(၁၀၁)နှင့် အထက်ရှိ ကျေးရွာများအား ကျပ်သိန်း(၃၀၀)နှုန်းဖြင့် ကျေးရွာ(၅)ရွာ၊ အိမ်ခြေ(၅၁)နှင့်(၁၀၀)ကြား ကျေးရွာ(၁)ရွာအား ကျပ်သိန်း(၂၀၀)နှုန်း ဖြင့် ကျေးရွာအိမ်ခြေအလိုက် မတည်ရန်ပုံငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအေးမှ ပြောကြားသည်။
အဆိုပါ မတည်ရန်ပုံငွေကို ညောင်နီကန်၊ ပိဋကတ်ကျ၊ တူမောင်း၊ တောကျောင်းနှင့် ပင်စိမ်းကင်း ကျေးရွာများကို ကျပ်သိန်း (၃၀၀) နှုန်းဖြင့် လည်းကောင်း၊ ပြည်ထောင်ကျေးရွာကို ကျပ်သိန်း (၂၀၀)နှုန်းဖြင့်လည်းကောင်း စသည့် ကျေးရွာများတွင် အိမ်ထောင်စု အလိုက် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံမှသိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)