ပွင့်ဖြူမြို့နယ်၌ မြေအောက်ရေဖြင့် ခရမ်းညိုသီးနှံစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ   ဖေဖော်ဝါရီ  ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သံဘိုကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မြေအောက်ရေဖြင့် ခရမ်းညိုသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာ၌ ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက် ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် သံဘိုကျေးရွာမှ ခရမ်းညိုသီးနှံစိုက်ပျိုးတောင်သူများထံမှ သိရသည်။

“ခရမ်းညိုသီးနှံ စိုက်ပျိုးရေးလုပ်ငန်းက ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းတဲ့အတွက် ဒေသခံတောင်သူတွေက မိမိတို့ရဲ့ ကိုယ်ပိုင်စက်ရေတွင်းများနဲ့ မြေအောက်ရေယူပြီး စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ ခရမ်းညိုသီးနှံဟာ အခြားသီးနှံတွေထက် ဈေးလည်းပိုရပါတယ်။ ခရမ်းသီး အလုံး (အကြီး/အသေး)ပေါ်မူတည်ပြီး တစ်လုံးကို ငွေကျပ် (၂၅၀၊ ၃၀၀) ရောင်းရပါတယ်။ ခရမ်းညိုသီး စိုက်ပျိုးခြင်းကိုတော့ ပျိုးထောင်ပြီး အတန်းလိုက် စိုက်ပျိုးရပါတယ်။ စိုက်ပျိုးပြီး  အသီးမတင်မီ အတန်းလိုက် စင်ပြုလုပ်ပေးရပါတယ်။ ဒါမှသာ ခရမ်းသီး စတင်သီးတဲ့အချိန်မှာ အသီးဝိတ် ကြောင့် ခရမ်းပင်ကိုင်းတက် ကျိုးခြင်း၊ နာခြင်း မဖြစ်မှာဖြစ်ပါတယ်။ ခရမ်းညိုသီးက ဟင်းချက်စားရင် အခြားခရမ်းသီးများထက် အရသာပိုကောင်းတဲ့အတွက် ခရမ်းညိုသီးကို အကြိုက်တွေ့ ဝယ်ယူ စားသုံးကြလို့ မင်းဘူးမြို့ရှိ ကုန်စိမ်းပွဲရုံများက ရသလောက်ဝယ်ယူကြပါတယ်။ ခရမ်းညိုသီးကို (၂)ရက်ခြား တစ်ကြိမ် ဆွတ်ခူးရောင်းချပြီး အလုံးရေ ၃၀၀ မှ ၄၀၀ အထိ ဆွတ်ခူးရပါတယ်။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်စားပင်သီးနှံများထဲမှာ ခရမ်းညိုသီးနှံစိုက်ပျိုးရေး လုပ်ငန်းဟာ အောင်မြင်ဖြစ် ထွန်းပြီး ဈေးကောင်းရရှိတဲ့အတွက် အခြားသော တောင်သူများအနေဖြင့်လည်း စိုက်ပျိုးစေချင်ပါတယ်” ဟု ပွင့်ဖြူ မြို့နယ်သံဘိုကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံ တောင်သူများ သည် မြေအောက်ရေနှင့် မုန်းချောင်းရေကို အမှီပြုပြီး ခရမ်းညိုသီးနှံ၊ ကြက်ဟင်းခါး၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ် ၊ ခရမ်းချဉ် ၊ မုံလာဥဖြူ ၊ အားလူး ၊ ငရုတ် ၊ ကြက်သွန်(ဖြူ/နီ) ၊ သခွါး ၊ ဘူး၊ ရွှေဖရုံ၊ ဆလပ်၊ နံနက်၊ ချဉ်ပေါင်၊ ကန်စွန်း၊ ဆူးပုပ် စသည့် ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။  ယခုနှစ်တွင် ခရမ်းညို သီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင် ဖြစ်ထွန်းပြီး ဈေးကောင်းရရှိသည့်အတွက် မိသားစုဝင်ငွေရရှိကာ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။   

ရဲဝင်းနိုင် ( ညောင်ဦး )