မိုးညို သြဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာစျေးနှင့် မြို့တွင်းလမ်းဆုံများတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီ အချိန်က စျေးရောင်း/စျေးဝယ်လာရောက်သူများ၊ လမ်းသွား လမ်းလာများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ အသိပညာပေး ဆောင်ရွက်လျက် ရှိသည်။
မိုးညိုမြို့နယ်အတွင်း ရောဂါကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက် အကူ ဖြစ်စေရန်အတွက် မြို့နယ်စည်ပင်သာယာ စျေးအတွင်း စျေးရောင်း သူများအား Mask တပ်ဆင်၍ စျေးရောင်းချ စေခြင်း၊ စျေးဝယ်လာရောက်သူများအား Mask တပ်ဆင်၍ လက်ဆေးပြီးမှ စျေးအတွင်းဝင်ရောက်စေခြင်း၊ ကျေးရွာများ မှ လာရောက်သူများနှင့် လမ်းသွား လမ်းလာ ပြည်သူများအား Mask တပ်ဆင်၍ သွားလာစေခြင်း၊ Mask တပ်ဆင်ခြင်း မရှိပါက Mask တစ်ခုလျှင် (၁၀၀၀)ကျပ်ဖြင့် ဝယ်ယူတပ်ဆင်စေခြင်းနှင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား အသံချဲ့စက်၊ Hand Speaker တို့ဖြင့် နှိုးဆော်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူငယ်ရေးရာအဖွဲ့နှင့် Volunteer များမှ အဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း(မိုးညို)