မင်းလှမြို့နယ် တလုတ်ရင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်

အထက်မင်းလှ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် တလုတ်ရင်းကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ ကျောင်းသား၊ ကျောင်းသူများနှင့်‌ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် ပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီခွဲက  ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက် လဝကမှူး ဦးဟန်ဇော်ဌေးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနေမှုများအား ရှင်းလင်း ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ(၁၅၅)ဦး၊ လဲလှယ် (၆)ဦး၊ မိတ္တူ(၁၁)ဦး စုစုပေါင်း(၁၇၂)ဦးအား ပြုလုပ်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံး အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဒေသခံပြည်သူများ၊ အခြေခံပညာ ကျောင်းများသို့အရောက် လိုက်လံဆောင်ရွက် ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့် ပတ်သတ်၍ အသိပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်းစသည့် ပညာပေး အစီအစဉ်များကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစန်းမင်းထံမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)