မင်းလှမြို့နယ် စစ္စနို့ဓာတ်အားခွဲရုံမှ ဓာတ်ကုန်းကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာများသို့ 11KV ဓာတ်အား လိုင်းဆွဲနိုင်ရေး ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်ဒေသများ လျှစ်စစ်မီးရရှိ စေရန်အတွက် မင်းလှမြို့နယ် စစ္စနို့ကျေးရွာရှိ ဓာတ်အားခွဲရုံမှ ဓာတ်ကုန်းကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာများသို့ 11KV ဓာတ်အားလိုင်းဆွဲ နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ယမန်နေ့ နေ့လယ်(၃) နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်တွင်  ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်ဒေသများ လျှစ်စစ်မီးရရှိစေရန်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လပတ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စစ္စနို့ကျေးရွာရှိ ဓာတ်အားခွဲရုံမှ ဓာတ်ကုန်းကျေးရွာသို့ ၁၆မိုင် 11KVဓာတ်အား လိုင်းဆွဲနိုင်ရေး၊ စစ္စနို့ကျေးရွာဓာတ်အားခွဲရုံမှ ညောင်းဝိုင်းကျေးရွာသို ၄ဖာလုံ 11KV ဓာတ်အား လိုင်းဆွဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ကျေးလက်လမ်းဦးစီးဌာနနှင့်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများအဖွဲ့က နယ်မြေကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ 11KV ဓာတ်အားလိုင်းဆွဲရာတွင် ဓာတ်အားလိုင်းဖြတ်သန်းဆွဲမည့် ယာပိုင်ရှင်များ၊ ဓာတ်အား လိုင်းဖြတ်သန်းဆွဲမည့် ကျေးရွာများမှ ဒေသခံပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအဖွဲ့က တွေ့ဆုံ၍ ဓာတ်အားလိုင်း အဆင်ပြေချောမွေ့စွာ ဖြတ်သန်း ဆွဲနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇာဇာ(အထက်မင်းလှ)