ကော့ကရိတ် ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ အမျိုးသားစာပေဆုရ ဆရာမောင်ငြိမ်းသူ (ကြို့ပင်ကောက်) ရေးသားသည့် “ပန်းလည်းလှစေ ပျားလည်းဝစေနှင့် စာပေရေးရာအဖြာဖြာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ် ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က အသိပညာဗဟုသုတများ မျှဝေပေးရန်၊ အစုအဖွဲ့များ တွင် ပါဝင်ဆွေးနွေးနိုင်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုသည့် အချိန်နှင့် အလေ့အကျင့်များ ရရှိစေရန်၊ မိမိပတ်ဝန်းကျင် တွင် အသိပညာဗဟုသုတများ ပြည်လည်မျှဝေနိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အမျိုးသားစာပေဆုရ ဆရာမောင်ငြိမ်းသူ (ကြို့ပင်ကောက်)၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေး သူများဖြစ်သည့် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း(Book Club) အဖွဲ့ဝင် ဦးအောင်မြင့်သိန်းက စာပေအပွင့်နှင့် စာပေအသီး၊ အမှားကြာ လျှင် အမှန်ထင် ပြန်ပြင်မရ လူ့လောက ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးဉာဏ်နေက ပန်းလည်းလှစေ ပျားလည်းဝစေ ခေါင်းစဉ်နှင့် စာပေဝါသနာရှင် ဦးလှမျိုးက စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော အသင်းအဖွဲ့များ၊ စာပေဝါသနာရှင်များမှ ဆွေးနွေးသွားသည့်အပေါ် မိမိတို့အမြင်များ၊ သုံးသပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)