ကျွန်းလှမြို့နယ်တွင် ကြက်သွန်နီ စိုက်ပျိုးသော တောင်သူများ ဈေးကောင်းရရှိရေးမျှော်လင့်

ကျွန်းလှ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာတွင် ချောင်းရေ တင်ပြီး ကြက်သွန်နီ စိုက်ပျိုးသော တောင်သူများ ဈေးကောင်းရရှိရေး မျှော်လင့် နေကြကြောင်း  သိရသည်။

“ကြက်သွန်နီကို တန်ဆာင်မုန်းလမှာ စတင်စိုက်ပျိုးကြပါတယ်။ ယခုနှစ်မှာ ၃ပေအကျယ်၊ အရှည် ၃၆ ပေရှိ၊ ၄၈ ပေါင်စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ အလုပ်သမားခ၊ ဆေးဖိုး၊ မြေဩဇာဖိုး၊ ရေတင်ခ အပါဝင်ငွေကျပ် ၂၅၀၀၀၀ ကုန်ကျပါတယ်။ ယခင်နှစ်က ကုန်ချိန် ပိဿာ ၁၀၀၀ ထွက်ရှိပြီး တစ်ပိဿာ ငွေကျပ် ၈၀၀ ရောင်းရပါတယ်။ ဒီနှစ်တော့ တစ်ပိဿာ ငွေကျပ် ၁၀၀၀ အထက် ဈေးရှိမယ်လို့ ခန့်မှန်းထားပါတယ်ဟု” ကြက်သွန်နီစိုက်တောင်သူ ဦး‌ဌေးထွန်း ကပြောပြသည်။

အဆိုပါ မကျီးအင်းကျေးရွာတွင် ဆောင်းသီးနှံအဖြစ် ပန်းမုံလာ၊ မုံလာထုတ်၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကန့်လန့်၊ မုံ့ညှင်း၊ ခဝဲ စသည့်စားဖိုဆောင် သီးနှံများကို ချောင်းရေတင် စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ