ရွှေဘိုမြို့နယ်တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်ဧက(၁၆၅၀) စိုက်ပျိုး

ရွှေဘို ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် COVID-19စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ် ဧက(၁၆၅၀)စိုက်ပျိုး လျက်ရှိရာ ဧက(၁၀၀၀)ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်နစ်နာမှုများ ရှိသည့်အပေါ် covid-19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP)ဖြင့် လယ်ယာကဏ္ဍ၏ မျိုးစေ့ ထုတ်လုပ်မှုတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ စပါးမျိုးကောင်း မျိုးသန့်၊ မျိုးစေ့များပွားများ ထုတ်လုပ်နိုင်ပြီး တောင်သူ များအနေဖြင့် မျိုးကောင်းမျိုးသန့် ဖူလုံစွာ အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်၍ အရည်သွေးကောင်း ပေါ်ဆန်းရင် (ရွှေဘိုပေါ်ဆန်း)စပါးမျိုး မျိုးသန့်ပွားများ ထုတ်လုပ်ခြင်းကို တောင်သူပေါင်း(၄၈၄)ဦး၏ စိုက်ဧက (၁၆၅၀)တွင် စိုက်ပျိုးလျက်ရှိသည်။ အဆိုပါ စိုက်ဧက(၁၆၅၀)ကို (CERP)အစီအစဉ်ဖြင့် နိုင်ငံတော်မှ တစ်ဧကလျှင် တစ်သိန်းငါးသောင်းငါးရာကျပ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်းက ပြောကြားသည်။

ထိုစိုက်ဧကများကို စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်ပြီး စိုက်ပျိုးပညာပေး ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ စိုက်နည်းစနစ် (၃)မျိုးဖြစ်သည့် ပျိုးသက်နု ကောက်ကွက်ကျဲ(SRI)စနစ်ဖြင့်လည်းကောင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနည်းစနစ် ဖြင့် လည်းကောင်း၊ ၆တန်း ၁တန်းလှပ်ပျိုး စိုက်နည်းစနစ်ဖြင့်လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်း ၎င်းထံမှသိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)