မချမ်းဘော့ ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ရောဂါ ကူးစက်မှု ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေငြာခြင်းကို မချမ်းဘော့မြို့ပေါ် ရပ်ကွက်များတွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်မှစ၍ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါနှိုးဆော်ချက်များတွင် ပြင်ပသို့သွားလိုပါက ပါးစပ်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀)ကြာအောင် ဆေးကြောရန်၊ လူထူထပ်သည့်နေရာသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်း မရှိသူနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်းမပြုရန်၊ ပါးစပ်နှာခေါင်း တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများမှ ဈေး၀ယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ အပြင်မှပြန်လာတိုင်း (Mask)ကိုစနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်ရွယ်အိုများ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန် စသည့်အချက်များဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြန်ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)