ခါမ်းပါတ်၌ အိမ်သုံးတံမြက်စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိ

ခါမ်းပါတ် ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ထင်းဇင်ရွာမကျေးရွာတွင် အိမ်သုံးတံမြက်စည်းများ ပြုလုပ်ရောင်းချခြင်း လုပ်ငန်းကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

"သည်အလုပ် လုပ်လာတာတော့ကြာပါပြီ..ဟိုတုန်းကတော့ လယ်လုပ်လိုက်..အားတဲ့အချိန် တံမြက်စည်းလေးလုပ် ရောင်းလိုက်နဲ့..ခုနောက်ပိုင်းတော့သည် တံမြက်စည်းလုပ်တာကိုဘဲ ဇောက်လျလုပ်တော့တာ.."ဟု တံမြက်စည်း ပြုလုပ် ရောင်းချနေသူ ဦးမောင်ငွေထံမှ သိရသည်။

ပြောင်စာတံမြက်စည်းများ ပြုလုပ်ရန်အတွက် ကုန်ကြမ်းဖြစ်သည့် ပြောင်စာပင်များကိုမူ လက်တဆုပ်စာခန့် အစည်းတစ်စည်းလျှင် သုံးရာကျပ်ပေးဝယ်ရပြီး ယခင်ကာလများကဲ့သို့ ပိဿချိန်နှင့် ဝယ်ယူ၍မရတော့ကြောင်း သိရသည်။

"ပြောင်စာတစ်ချောင်းကျတော့ တစ်ထောင်ပါ..အုန်းဆံကတော့ သုံးထောင့်ငါးရာပေါ့..သူက လုပ်ရတာလဲ လက်ဝင်ပါတယ်"ဟု သိရသည်။

ပြုလုပ်ပြီးသား တံမြက်စည်းများကို အနီးအနားကျေးရွာများသို့ ဆိုင်ကယ်ဖြင့် လှည့်လှည် ရောင်းချသလို ကနန်ကျေးရွာနှင့် ခါမ်းပါတ်မြို့တို့ရှိ ကုန်စုံဆိုင်များမှလည်း ဖောက်သည် မှာယူကြကြောင်း သိရသည်။

ယခုကဲ့သို့ လက်မှုလုပ်ငန်းများ တတ်မြောက်ထားခြင်းဖြင့် မိမိတို့ဒေသထွက် စွန့်ပစ်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများကို လူသုံးကုန်များအဖြစ် ပြုလုပ်ရောင်းချ နိုင်မည်ဖြစ်ပြီး အချိန်ကိုလည်း အကျိုးရှိစွာ အသုံးချတတ်လာမည် ဖြစ်ကြောင်း သိရသည်။

သားငယ်(ခါမ်းပါတ်)