ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ကြံခင်း ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားမှုဖြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့ပိုင်ဈေးအတွင်း ဆိုင်ခန်းများ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၊ အိမ်ဆိုင်ရောင်းချနေသူပြည်သူများကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြို့မဈေးခေါင်းရုံးတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်မှ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှု များပြားလာသဖြင့် ဈေးရောင်းချသူ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အလေးထား လိုက်နာကြရန်နှင့် လူစည်ကားရာ ဈေးအတွင်း ကိုဗစ်ကူးစက်နှုန်း များပြားစွာဖြစ်နိုင်သဖြင့် ဂရုစိုက်ရောင်းဝယ်ကြရန် ပြောကြားပါသည်။

ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်မှ ဈေးအဝင်အဝများတွင် လက်ဆေးဘေစင် ထားရှိပေးခြင်း၊ ကိုဗစ်ရောဂါ ကာကွယ်ဆောင်ရွက်ရမည့် အချက်များကို ပြည်သူများသိရှိစေရန် ကြော်ငြာပေးထားသဖြင့် လိုက်နာဆောင်ရွက်ကြရန်၊ ဈေးအတွင်း နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရောင်းချရန် အထူးအလေးထား ဆောင်ရွက်ကြဖို့ ပြောကြားပါသည်။

ထိုနောက် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်တင်မိုးသူ၊ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာထိုက်နဲ့ တာဝန်ရှိသူများက အဖွဲ့ပိုင်ဆိုင်ခန်းများ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်၊ အိမ်ဆိုင်များအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ အသိပေးခြင်းကို အဖွဲ့များခွဲပြီး ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

မိုးမိုး